Home » » “အစိုးရနှင့် ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးဝင်လုပ်မည်ဆိုက မိမိကိုယ်ကို အထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”

“အစိုးရနှင့် ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးဝင်လုပ်မည်ဆိုက မိမိကိုယ်ကို အထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”




အစိုးရနှင့်ကေအိုင်အေ လိုလားမှုမရှိဘဲ ငြိမ်းချမ်းရေးအတွက် ဝင်လုပ်မည် ဆိုက မိမိကိုယ်ကိုအထင်ကြီးရာရောက်နိုင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

''ကျွန်မကိုဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် ထဲမှာ မပါဝင်ဘူးလားဆိုပြီး မေးမြန်းကြ၊ ဝေဖန်ကြတာတွေရှိပါ တယ်။ ကျွန်မအမြဲပါဝင်ချင်ပါတယ်။ အချိန်မရွေးလိုလားတယ်ဆိုရင် ပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ဖော်ပြီးသားပါ။ ဘာလို့မပါလဲဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါဝင်နိုင်ဖို့ဆိုတာ ကာယကံရှင်တွေက လိုလားမှဖြစ်မှာပါ။ ဒီနိုင်ငံရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်မကို ပါဝင်ဖို့ ကာယကံရှင်များ က လိုလားတယ်၊ ဖိတ်ဆိုတယ်ဆိုရင် ကျွန်မဘယ်တော့မှငြင်းမှာ မဟုတ်ပါဘူး''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ တော်ဝင်နှင်းဆီ၌ ကျင်းပသောပွဲ သို့ပေးပို့သော ဗွီဒီယိုသဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''မျှဝေခံစားမှုဆိုတာ ကျွန်မတို့နိုင်ငံမှာ တိုးတက်လာပြီလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီတစ် နှစ်အတွင်းမှာ ကချင်ပြည်နယ် ရခိုင်ပြည် နယ်တွေမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကချင်၊ ရခိုင်မှာမနေတဲ့ အဲဒီ့နယ်မြေနဲ့ ပတ်သက်မှုလည်း မရှိတဲ့ နိုင်ငံသူ နိုင်ငံသားများဟာ အာရုံစူးစိုက်ပြီး စိတ်ပူပြီး ကောင်းတဲ့ဘက်ကို သွားစေချင်တဲ့ စိတ်ဆန္ဒတွေ ပေါ်လာတယ်ဆိုတာ မြင်ရပါတယ်။ ပူပန်ရုံ စိုးရိမ်ရုံတင် မကဘူး ထိထိရောက် ရောက်ကူညီတဲ့ အဖွဲ့တွေလည်း ပေါ်လာတယ်။ ဥပမာ ကချင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖို့ တချို့အနုပညာရှင်တွေက လှုပ်ရှားတာ၊ ကြိုးပမ်းတာ၊ ဒီလိုကိစ္စတွေဟာ ကျွန်မတို့နိုင်ငံမှာ မျှ ဝေခံစားချင်တဲ့ စိတ်ဓာတ်တွေ တဖြည်းဖြည်း အားသာ လာတယ်လို့ ကျွန်မဒီလိုပဲ မြင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ထည့်သွင်းပြောသည်။

လက်ရှိ မျှဝေခံစားမှု အခြေ အနေသည်လုံလောက်သည့် အတိုင်း အတာထိ မရောက်ရှိသေးသော် လည်း မျှော်လင့်ချက်ရှိသည့် အတိုင်းအတာ ရှိသည် ဟု ဒေါ် အောင်ဆန်းစုကြည်က ဆက်လက် ပြောသည်။
ယင်းအပြင် လွှတ်တော်သို့ တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည် အား ဇန်နဝါရီလအတွင်းက ကချင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးမြန်းရာ ''လုပ်ပိုင်ခွင့် ဆိုတာထက် လေ့လာပြီးတော့ ပါဝင်ဖို့ ကိုယ့်မှာအကြောင်း ပါလာလို့ ရှိရင် ကော်မတီမှာ လုပ်ရမှာပေါ့။ ဒါပေမဲ့ အစိုးရရဲ့ဆွေးနွေး ပွဲတွေမှာ ပါဝင်ဖို့ဆိုတာကတော့ မဖိတ်ခေါ်ဘဲနဲ့ ဝင်ပါလို့မရဘူးပေါ့'' ဟု ပြန် လည်ဖြေကြားခဲ့သည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာသည် ဒီမိုကရေစီပြဿနာ ဖြစ်ပြီး မျိုးနွယ်စုများအကြား အမြစ်တွယ်နေသည့် ကျဉ်းမြောင်းသော လူမျိုးရေး ဝါဒနှင့်လူမျိုးကြီး ဝါဒခံ စားမှုများကို လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ စစ်မှန်သောကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များဖြင့်သာ ကုစားနိုင်မည်ဟု (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သော သဝဏ် လွှာတွင် မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက် ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန်မှာ အဓိက လိုအပ် ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွင် နိုင်ငံသား အားလုံးပါဝင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းရန် လိုအပ်သည် ဟု ခံယူထားကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန် ပေး ပို့သော သဝဏ်လွှာအရ သိရသည်။

ဝေမာထွန်း

Share this article :

0 comments:

Post a Comment

 
Copyright © 2012. WUNPAWNG . All Rights Reserved
Wunpawng Online News Powered by WUNPAWNG